ဇေယျာနှင့်တွေ့ဆုံကြပါစို့။
မောင်ဇေယျာထွန်းသည် ၁၆ နှစ်အရွယ် လူငယ်တစ်ယောက်ဖြစ်ပြီး မြန်မာပြည် မြောက်ဘက်အခြမ်းတွင် မိဘ၊ ညီငယ် ၂ ဦးနှင့် အတူနေထိုင်နေသူဖြစ်သည်။ ဇေယျာ၏ဖခင်မှာ အစိုးရဝန်ထမ်းတစ်ဦးဖြစ်ပြီး မိခင်မှာ မန္တလေးမြို့ရှိ မသန်စွမ်းသောကလေးသူငယ်များအားကူညီသော အဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်ကိုင်လျှက်ရှိသည်။ ဇေယျာနှင့် သူ့ညီတစ်ယောက်သာ ကျောင်းသားများဖြစ်ကြသည်။ ဇေယျာသည် ဒသမတန်းကိုတက်ရောက်နေပြီဖြစ်သော်လည်း ကျန်းမာရေးချို့တဲ့မှုကြောင့် လွန်ခဲ့သော တစ်လမှစကာ ကျောင်းမတက်နိုင်ခဲ့ပါ။
ဇေယျာ ၁၁ နှစ်အရွယ်ရှိချိန် တစ်နေ့ အိပ်ယာထချိန်မှာ သူ့ခြေထောက်များလှုပ်လို့မရတော့သည်ကို သူသိလိုက်သည်။ ခြေထောက်ကို နှိပ်နယ်ခြင်းနှင့်အတူ ရိုးရာဆေးဝါးများကို အသုံးပြုခဲ့ပြီး ၂ ပတ် တွင် ဇေယျာ လမ်းပြန်လျှောက်နိုင်ခဲ့သည်။ ဤအဖြစ်အပျက်ကိုကြုံရပြီး လပေါင်းအနည်းငယ်အကြာ ကျောင်း၌ သူငယ်ချင်းများနှင့် ကစားနေချိန်တွင် ရုတ်တရက်ဆိုသလို ဇေယျာ မောပန်းနွမ်းနယ်လာပြီး အသက်ရှုမဝဖြစ်ခဲ့သည်။ ထိုနေ့ညနေတွင် သူ၏မိခင်အား ကျောင်း၌ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာကိုပြောပြလိုက်သည်။
ထို့နောက် ဇေယျာ၏မိခင်သည် ဇေယျာအား မန္တလေးရှိ ကုတင် ၅၀၀ ဆေးရုံသို့ခေါ်ဆောင်သွားကာ ကျန်းမာရေးစစ်ဆေးမှုများပြုစေခဲ့သည်။ ထိုနေ့မှစ၍ တစ်လတိတိ ဇေယျာဆေးရုံတက်ခဲ့ရပြီး ဆေးရုံတက်ချိန်တွင် လျှပ်စစ်ဖြင့် နှလုံးစစ်ဆေးခြင်း (Electrocardiogram) ကိုပြုလုပ်ခဲ့ရသည်။ စစ်ဆေးမှုများအပြီးတွင် ဇေယျာ၏ နှလုံးမှာ ပုံမှန်မဟုတ်ကြောင်း၊ နှလုံး ၄ ခြမ်းထဲမှ ၁ ခြမ်းသည် အလုပ်ကောင်းကောင်းမလုပ်ကြောင်းကို ဆရာဝန်မှ ဇေယျာ၏မိခင်ကို ရှင်းပြသည်။ ဆရာဝန်အနေဖြင့် ခွဲစိတ်ကုသခြင်းအကြောင်းကို ပြောပြခြင်းမရှိဘဲ သောက်ဆေးများသာပေးလိုက်သည်။ ဇေယျာဆေးရုံမှဆင်းပြီးနောက်ပိုင်းတွင် သူမောလာပြီဆိုလျှင် ဆရာဝန်ပေးဖူးခဲ့သောဆေးများကိုသာသောက်လေ့ရှိခဲ့သည်။
၂၀၁၇ ခုနှစ်အတွင်း ကျောင်းအဆောင်တွင်နေထိုင်ချိန်တွင် ဇေယျာ၏ကျန်းမာရေး အခြေအနေ ပိုမိုဆိုးရွားလာသည်။ မနက်တိုင်း ဆုတောင်းချိန်တွင် မောလာတတ်ပြီး အသက်မဝလဲဖြစ်လာသည်။ ဇေယျာ၏ဆရာမသည် ဇေယျာအား မန္တလေးမြို့ပြင်ရှိဆေးရုံတစ်ခုသို့ခေါ်သွားပြခဲ့ပြီး သောက်ဆေးများရရှိခဲ့သည်။ နောက်ရက်အနည်းငယ်အတွင်းတွင် ဇေယျာ၏မိခင်သည် ဇေယျာအား မန္တလေး ပြည်သူ့ဆေးရုံသို့ ထပ်မံခေါ်ဆောင်သွားခဲ့သည်။ ထိုဆေးရုံတွင် လျှပ်စစ်ဖြင့် နှလုံးစစ်ဆေးခြင်းများ (Echocardiogram နှင့် Electrocardiogram) ထပ်မံပြုလုပ်ခဲ့ပြီး ဓာတ်မှန်လည်းရိုက်ခဲ့သည်။ စစ်ဆေးမှု အဖြေများအရ ဇေယျာ၏ နှလုံးအဆို့ရှင်တစ်ခုမှာ ပုံမှန်ထကျဥ်းနေပြီး ပျက်စီးနေသောကြောင့် နှလုံးခွဲစိတ်ကုသရန်လိုအပ်ကြောင်း ဆရာဝန်မှရှင်းပြခဲ့သည်။ ခွဲစိတ်မှုကုန်ကျစရိတ်မည်မျှရှိမည်ကို ဆရာဝန်မှ မပြောသေးသော်လည်း ဇေယျာ၏မိခင်သည် ထိုကုသစရိတ်အတွက် မတတ်နိုင်ကြောင်းသိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏သူငယ်ချင်းတစ်ယောက်သည် မကြာသေးခင်မှ နှလုံးခွဲစိတ်ထားပြီး ကုန်ကျစရိတ်အလွန်များခဲ့သောကြောင့်ဖြစ်သည်။
ထိုနှစ်အတွင်း တစ်နေ့တွင် ဇေယျာ့မိခင်အလုပ်မှ မန်နေဂျာသည် ဇေယျာ၏မိခင်အား ဖုန်းခေါ်ဆို၍ Burma Children Medical Fund (BCMF) အကြောင်းကိုပြောပြခဲ့သည်။ ထိုအဖွဲ့အစည်းသည် မန္တလေးတွင် လက်တွန်းလှည်းတပ်ဆင်ခြင်းများကို သူတို့အဖွဲ့အစည်းနှင့်ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ထိုအဖွဲ့အစည်းမှ သူမ၏သားအားကူညီနိုင်မည်ဖြစ်ကြောင်းကို သူမသိခဲ့ရသည်။ ဇေယျာနှင့်သူ၏မိခင်သည် BCMF မှဝန်ထမ်းနှင့်တွေ့ဆုံပြီးသည့်နောက် BCMF ဝန်ထမ်းသည် ဇေယျာအား လိုအပ်သောဆေးကုသမှုကိုရယူနိုင်ရန် မိမိတို့ ညီအစ်မအဖွဲ့အစည်းဖြစ်သည့် လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့သို့ ညွှန်းပို့ပေးခဲ့သည်။ လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့သည် ဇေယျာနှင့်သူ၏မိခင်အား ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံသို့သွားပြရန်ပြောကြားခဲ့သော်လည်း လမ်းခရီးစရိတ်အတွက် မတတ်နိုင်သောကြောင့်လည်းကောင်း ဇေယျာအား ကျောင်းအရင်ပြီးစေချင်သောကြောင့်နှင့် အလုပ်မှခွင့်ယူနိုင်စွမ်းမရှိသေးသောကြောင့် ၂၀၁၈ ခုနှစ်အနှောင်းပိုင်းမှသာ ပင်လုံဆေးရုံသို့သွားရောက်ပြသခဲ့သည်။ ဇေယျာသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဆေးရုံတက်ခဲ့ပြီး ၂၂ ရက်နေ့တွင် aortic နှလုံးအဆို့ရှင်အတွက် အစားထိုးကုသမှုကိုခံယူခဲ့သည်။ ဆေးရုံတွင် ရက်အနည်းငယ်ကြာ ထပ်မံနေခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဆေးရုံမှဆင်းခဲ့သည်။
ခွဲစိတ်ကုသမှုခံယူပြီးချိန်မှစ၍ ဇေယျာ သက်သာလာသည်ဟုခံစားရသည်။ လမ်းလျှောက်သောအခါတွင် မောပန်းနွမ်းနယ်ခြင်းကို မခံစားရတော့ဘဲ ညအချိန်အိပ်မပျော်ခြင်းများလဲမရှိတော့ချေ။ သူ၏ပြောဆိုချက်အရ သူ၏ခံတွင်းအရသာပြန်လည်ကောင်းမွန်လာပြီး သူ့ကိုယ်သူကြည့်ရပိုကောင်းလာသည်။ “ခွဲစိတ်ကုသမှုကိုရရှိခဲ့လို့ ကျွန်တော်အရမ်းပျော်တာဘဲ။ ကျွန်တော် ကျောင်းဆက်တက်ချင်တယ်။ တက္ကသိုလ်လဲဆက်တက်ချင်တယ်။ ကျွန်တော် အသုံးပြုပြီးသားကားများရောင်းဝယ်ရေးသမားတစ်ယောက်ဖြစ်ချင်တယ်။” ဟူ၍ ဇေယျာပြောဆိုခဲ့သည်။