top of page

ဦးမင်းနှင့်တွေ့ဆုံကြပါစို့။

U Min.jpg

အသက် ၄၉ နှစ်အရွယ် ဦးမင်းသည် သူ၏ ဇနီး၊ သား၊ သမီး နှင့် ကရင်ပြည်နယ်တွင်နေထိုင်နေသူဖြစ်သည်။ သူ၏သားမှာ အတန်းကျောင်း ၆ တန်းအပြီးတွင် မိသားစုကိုထောက်ပံ့ရန် ကျောင်းဆက်မတက်တော့ပါ။ ထိုသားသည် စျေးထဲတွင် နေ့စားအဖြစ်အလုပ်ဝင်လုပ်လျှက်ရှိပြီး တစ်နေ့လျှင် ကျပ်ငွေ ၅ ထောင်ရရှိပါသည်။ ဦးမင်း၏ ဇနီးမှာ အိမ်တွင်းလုပ်ငန်းများကိုသာလုပ်ဆောင်ပြီး သူ၏သမီးမှာ အတန်းကျောင်း ၇ တန်းတွင် ပညာသင်ကြားလျှက်ရှိသည်။ ဦးမင်းသည် စိုက်ပျိုးရေးလုပ်ငန်းတွင် နေ့စားအဖြစ်အလုပ်လုပ်ကိုင်ခဲ့ပြီး တစ်နေ့တွင် ကျပ်ငွေ ၁ သောင်းရရှိသော်လည်း ဒဏ်ရာရရှိပြီးနောက်ပိုင်းမှစ၍ အလုပ်မလုပ်နိုင်တော့ပေ။ ယခုအချိန်တွင် မိသားစုတစ်စုလုံးသည် ဦးမင်းသား၏လုပ်အားခအပေါ်တွင်သာမှီခိုနေကြပြီး နေ့စဥ်ကုန်ကျစရိတ်များအတွက်နှင့် ကျန်းမာရေးဝန်ဆောင်မှုကိုရယူနိုင်ရန်အတွက် လုံလောက်မှုမရှိပါ။

၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်ခါနီးအချိန်တွင် ဦးမင်းသည် အလုပ်တွင် ထွန်စက်မောင်းနင်နေခဲ့သည်။ မောင်းနင်ချိန်ကိုရပ်တန့်ပြီးနောက် ထွန်စက်ပေါ်မှခုန်ဆင်းချိန်တွင် ဦးမင်း၏ ညာဘက် ခြေဖနောင့်ထဲသို့ တုတ်ချောင်းတစ်ချောင်းဆူးဝင်သွားခဲ့သည်။ နာကျင်မှုပျင်းထန်သောကြောင့် ရွာရှိ

ဆေးခန်းသွား ဦးမင်းအားခေါ်ဆောင်သွားခဲ့သော်လည်း သူ၏အနာမှာ မပျောက်ကင်းခဲ့ပါ။ နောက်ဆုံးမှာတော့ မွန်ပြည်နယ်ရှိ မော်လမြိုင် ခရစ်ယာန် အထူးအရေပြားဆေးရုံတွင် သွားရောက်ဆေးကုသမှုခံယူရန် ပြောကြားခဲ့ကြသည်။ ထိုဆေးရုံသို့ရောက်သွားပြီး ဆရာဝန်မှစမ်းသပ်ရာတွင် ဦးမင်း၏အနာမှာ အမည်းရောင်ပင်ဖြစ်နေသည်ကိုတွေ့ရသည်။ ဆရာဝန်မှ ဓာတ်မှန်ရိုက်ရန်နှင့် သွေးစစ်ဆေးရန် ညွှန်ကြားခဲ့ပြီး အနာသည် ပိုးဝင်ခဲ့ပြီးဖြစ်သောကြောင့် ခြေထောက်အနာအားအရင်ဆုံးကြိုးစားကုသပေးမည်ဟုပြောခဲ့ပါသည်။ သောက်ဆေးများပေးသောက်ခဲ့သော်လည်း သက်သာမှုမရှိသောကြောင့် တစ်ခုတည်းသောနည်းလမ်းမှာ ဒူးအောက်ပိုင်းကို ဖြတ်ထုတ်ရန်သာဖြစ်ကြောင်း ဆရာဝန်မှ ရှင်းပြခဲ့သည်။ ထိုအချိန်တွင် ဦးမင်းခံစားခဲ့ရသောနာကျင်မှုမှာ ဆိုးရွားနေခဲ့ပြီး ညအချိန်တွင်ပိုဆိုးနေခဲ့သောကြောင့် ဦးမင်းမှ ခြေထောက်ဖြတ်ရန် သဘောတူကြောင်းနှင့် နာကျင်မှုကိုမခံနိုင်တော့သောကြောင့် အမြန်ဆုံးဖြတ်ထုတ်ပေးရန် ဆရာဝန်အားတောင်းဆိုခဲ့သည်။ ဦးမင်းသည် ခွဲစိတ်ကုသမှုအတွက်မတတ်နိုင်သောကြောင့် ဆရာဝန်သည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့အားဆက်သွယ်ကာ ဦးမင်း၏ ကုသစရိတ်များအတွက် ကူညီပေးရန် ပြောဆိုပေးခဲ့သည်။ လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့မှ ကူညီရန်သဘောတူပြီးနောက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဦးမင်း၏ ညာဘက် ဒူးအောက်ပိုင်းခြေထောက်ကို ဖြတ်တောက်ကုသပေးခဲ့သည်။ ခွဲစိတ်ကုသမှုကိုခံယူခဲ့ပြီးချိန်တွင် ချိုင်းထောက် ၂ဖက်ကို ထပ်မံရရှိခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဦးမင်း ဆေးရုံမှဆင်းခဲ့သည်။

ခွဲစိတ်မှုကိုခံယူပြီးချိန်မှစ၍ နာကျင်ခြင်းများကို ဦးမင်းမခံစားရတော့ဘဲ ညအချိန်တွင်လည်း ကောင်းမွန်စွာအိပ်စက်လာနိုင်ခဲ့သည်။ ဆရာဝန်သည် ဦးမင်းအား ပြုလုပ်ရမည့်လေ့ကျင့်ခန်းပုံစံများကိုသင်ပြပေးပြီး ခွဲစိတ်ပြီးချိန်မှစ၍ ၆ လ အတွင်း ချိုင်းထောက်ဖြင့်လမ်းလျှောက်ကျင့်ရန် ပြောကြားခဲ့သည်။ ၆ လ လွန်လျှင် ခြေတု တပ်ဆင်လျှက် လမ်းလျှောက်နိုင်မည်ဖြစ်ကြောင်းကိုလည်းရှင်းပြပေးခဲ့သည်။ ဦးမင်းသည် နာကျင်ခြင်းကိုမခံစားရတော့ဘဲ လှုပ်ရှားမှုများပြုနိုင်ပြီဖြစ်သောကြောင့် ဦးမင်းနှင့် သူ၏မိသားစုများသည် ဝန်းသာနေကြသည်။ ဦးမင်းသည် သူ၏ရွာတွင် အလုပ်ပြန်ရှာလုပ်ရန် စီစဥ်ထားပြီး သူ၏ဇနီးအားလည်း အိမ်အလုပ်ကူလုပ်ပေးမည်ဟူ၍စဥ်းစားထားသည်။ အနာဂတ်တွင် ဆံသဆိုင်ဖွင့်နိုင်ရန် ဦးမင်းမျှော်မှန်းထားသည်။ ဆံသလုပ်ငန်းလုပ်ဆောင်ချိန်တွင် လမ်းဝေးဝေးလျှောက်ရန်မလိုသောကြောင့် ဦးမင်း ဤလုပ်ငန်းအားလုပ်ချင်ခြင်းဖြစ်သည်။ ဦးမင်းပြောခဲ့သည်မှာ - “အခု ကျွန်တော့ မိန်းမကဘဲကျွန်တော့ကိုကူညီပေးရတော့ မိန်းမပေါ်မှာမှီခိုနေရတာပေါ့။ ခြေတုတပ်ပြီးရင်တော့ ကျွန်တော် အလုပ်ပြန်လုပ်နိုင်ပြီ။ အခု နာတာတွေမခံစားရတော့ဘူး ပြီးတော့ လှုပ်ရှားသွားလာနိုင်ပြီဆိုတော့ ကျွန်တော်ပျော်တယ်။” ဟူ၍ဖြစ်သည်။

​ကျွန်ုပ်တို့အားဆက်သွယ်ပါ

  • Facebook

လိပ်စာ - အမှတ် ၅/၅၇၆ ဥယျာဥ် (၁) လမ်း၊ အမှတ် (၅) ရပ်ကွက်၊ ဘားအံမြို့၊ ကရင်ပြည်နယ်

အီးမေးလ်: hfa.myanmar@gmail.com

bottom of page