သန္တာနှင့်တွေ့ဆုံကြပါစို့။
သူမသည် သူမ၏အမျိုးသား၊ သားတစ်ယောက်၊ သမီးတစ်ယောက်နှင့် ပဲခူးတိုင်းရှိရွာတစ်ရွာတွင်နေထိုင်သူဖြစ်သည်။ ၂၀၁၆ ခုနှစ် သူမ တင်ပါးစတင်နာကြင်လာချိန်မှစ၍ သူမအလုပ်မလုပ်နိုင်တော့ဘဲ သူမ၏ကလေးများကိုလည်းပြုစုစောင့်ရှောက်ပေးနိုင်ခြင်းမရှိတော့ပေ။ စိုက် ပျိုးရေးတွင်နေ့စားအနေဖြင့်လုပ်ကိုင်နေသူ သူမ၏အမျိုးသားကသာ အလုပ်ကိုအချိန်ပြည့်လုပ်ရင်း သားသမီးများ၏ ဝေယျာဝစ္စများကိုလည်း လုပ်ပေးရတော့သည်။
သန္တာသည် တင်ပါးစနာချိန်တွင် ရိုးရာကုထုံးများကို အသုံးပြု၍ ကြိုးစားကုသခဲ့ပါသည်။ အချိန်ကြာလာသည့်အမျှ နာကျင်မှုမှာ ပိုဆိုးလာသောကြောင့် ဆေးခန်းသို့ သန္တာသွားခဲ့ပါသည်။ နာကျင်မှုသက်သာစေရန် ဆေးတစ်လုံးထိုးခဲ့ပြီး သောက်ဆေးများလည်း ရရှိခဲ့သည်။ တစ်နှစ်အတွင်းမှာ သူမ ဆေးခန်းသို့ မကြာခဏပြန်သွားခဲ့ပြီး သောက်ဆေးများရယူခဲ့ပါသည်။ ၂၀၁၇ ခုနှစ်အစောပိုင်းတွင် နာကျင်မှုက သူမ လမ်းမလျှောက်နိုင်လောက်အောင်အထိ ဆိုးရွားလာခဲ့သည်။ သူမ၏အိမ်နီးချင်းများက သူမအားဆေးရုံသို့သွားရန်ပြောဆိုခဲ့မှုများကြောင့် ရန်ကုန်မြို့ရှိဆေးရုံတစ်ခုသို့ သူမ သွားခဲ့ပါသည်။ ဆေးရုံတွင် ဓာတ်မှန်ရိုက်ခဲ့ပြီး ဆရာဝန်က သူမရဲ့
တင်ပဆုံရိုးနှစ်ဖက်စလုံးမှာရှိသည့် အရိုးအသားစများမှာ အောက်စီဂျင်လုံလောက်စွာမရရှိသည့်အတွက် ပျက်စီးသေကြေနေပြီဖြစ်ကြောင်းရှင်းပြသည်။ သူမအနေဖြင့် တင်ပဆုံရိုး အစားထိုးကုသရန်လိုအပ်ကြောင်းကိုရှင်းပြခဲ့သော်လည်း သူမသည် ဆေးကုသစရိတ်အတွက် မတတ်နိုင်ခဲ့ချေ။ ကံကောင်းစွာဖြင့် သူမ၏ တစ်ဝမ်းကွဲသည် Burma Children Medical Fund (BCMF) မှ နှလုံးခွဲစိတ်ကုသခဲ့ပေးသော လူနာတစ်ဦးဖြစ်သည်။ သူမအားလည်း ထိုင်းနိုင်ငံ မဲဆောက်ရှိ BCMF အားဆက်သွယ်အကူအညီတောင်းရန် အကြံပေးခဲ့သည်။ ထို့ကြောင့် သန္တာနှင့် သူမ၏အမျိုးသားတို့သည် ၁၀ နာရီခရီးကို စတင်ကာ BCMF ရုံးသို့သွားရောက်ခဲ့သည်။ သူမ၏အကြောင်းအရာများကို လေ့လာပြီးနောက် BCMF ဝန်ထမ်းသည် သန္တာအား ရန်ကုန်မြို့ရှိ အရိုးရောဂါအထူးကုဆေးရုံကြီးတွင် တင်ပဆုံရိုး နှစ်ဖက်စလုံးအတွက် ခွဲစိတ်ကုသမှုကိုရရှိစေနိုင်ရန် လူတိုင်းအတွက် ကျန်မာရေးအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။
သန္တာသည် ရန်ကုန်မြို့ရှိ အရိုးရောဂါအထူးကုဆေးရုံကြီးသို့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၁ တွင် သွားရောက်ပြသခဲ့သည်။ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် တင်ပဆုံရိုးအစားထိုးခွဲစိတ်မှုပြုလုပ်မည့်အချိန်အထိ ဆေးရုံတွင် နေခဲ့ပါသည်။ “ဆရာဝန်တွေက ကျွန်မကိုရှင်းပြပေးပါတယ်။ သူတို့ပြောတာက ကျွန်မရဲ့ ဘယ်ဘက်တင်ပဆုံရိုးအတွက် ခွဲစိတ်မှုကို နောက်ထပ်လအနည်းငယ်လုပ်ပေးမယ်ပေါ့။ ဘာလို့လဲဆိုတော့ နှစ်ဘက်စလုံးကိုတခါတည်းမှာခွဲစိတ်လိုက်ရင် ကျွန်မအနာခံနိုင်မှာမဟုတ်သလို ကျွန်မပြန်သက်သာလာဖို့အတွက် အချိန်ကြာနေမှာစိုးလို့ လို့ပြောတယ်။” ဟူ၍ သူမပြောဆိုခဲ့သည်။
ပထမအကြိမ်ခွဲစိတ်မှုအပြီးတွင် သန္တာတော်တော်လေးသက်သာလာသည်။ သို့သော် လအနည်းငယ်ကြာပြီးနောက် သူမ၏ ဘယ်ဘက်တင်ပါးနာကျင်ခြင်းက ပိုဆိုးလာခဲ့သည်။ လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့မှဝန်ထမ်းနှင့် စကားပြောပြီးနောက် သူမ ရန်ကုန်မြို့ရှိ အရိုးရောဂါအထူးကုဆေးရုံကြီးသို့ တစ်ခေါက်ပြန်သွားခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် သူမ ဆေးရုံပြန်တက်ခဲ့ရပြီး ဧပြီလ ၅ ရက်နေ့တွင် ဘယ်ဘက် တင်ပဆုံရိုးအစားထိုးကုသမှုကိုခံယူခဲ့သည်။
သူမခွဲစိတ်ကုသမှုခံယူပြီးနောက် ဆေးရုံဆင်းပြီး နှစ်ပတ်ပြည့်လျှင် ချုပ်ရိုးဖြည်ရန် ဆေးရုံသို့ နောက်တစ်ခါလာရောက်ရမည်ဖြစ်ကြောင်း ဆရာဝန်များက ညွှန်ကြားခဲ့သည်။ ထိုအကြေင်းအရာကိုကြားရပြီးနောက် သန္တာ စိတ်ပူနေခဲ့သည်။ သူမအနေဖြင့် ဆေးရုံသို့ သွားလိုက်လာလိုက်ပြုလုပ်ရန် လမ်းစရိတ်မတတ်နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူမအားချုပ်ရိုးဖြည်သည့်နေ့အထိ ဆေးရုံ၌နေခွင့်ပေးရန် ဆရာဝန်များအား တောင်းဆိုခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဆရာဝန်များမှ သဘော တူခွင့်ပြုခဲ့ပြီး သူမဆေးရုံဆင်းသည့် ၂၀၁၈ ခုနှစ် ဧပြီလ ၁၈ ရက်နေ့အထိ သူမဆေးရုံတွင်နေခဲ့ပါသည်။
ခွဲစိတ်ဒါဏ်ရာကြောင့်နာကျင်မှုကိုခံစားနေရသေးသော် လည်း ခွဲစိတ်ပြီးချိန်ကတည်းက သန္တာ သက်သာလာသည်။ သူ့ကိုယ်သူပိုကြည့်ကောင်းလာသည်ဟုယူဆပြီး
ပေါ့ပါးသွားသလိုလည်းခံစားခဲ့ရဟုသူမဆိုပါသည်။ “ကျွန်မကိုယ်ထဲက သွေးလည်ပတ်မှုက ပြန်လည်ကောင်းမွန်လာတာကြောင့်နေမယ်။ ကျွန်မအရမ်းပျော်တာဘဲ။” ဟူ၍ သန္တာပြောခဲ့ပါသည်။ လက်ရှိအချိန်မှာတော့ ဆရာဝန်များက သန္တာအား သူမ၏ဘယ်ဘက်ခြေထောက်ဖြင့်အချိန်ကြာကြာ အားမစိုက်ရန် ညွှန်ကြားထားပါသည်။ တစ်လပြီးလျှင် စစ်ဆေးမှုများပြန်လည်ပြုလုပ်ရမည်ဖြစ်ပြီး စိတ်ချရသည့်အခြေအနေသို့ရောက်ရှိပြီဆိုမှ သန္တာအနေဖြင့် ပုံမှန်အတိုင်းပြန်လမ်းလျှောက်နိုင်မည်ဖြစ်သည်။
သန္တာပြောခဲ့သည်မှာ - “အခုလောလောဆယ် ကျွန်မရဲ့စိတ်ခံစားမှုတွေ ရှုပ်ထွေးနေတယ်။ ကျွန်မရဲ့ဆေးကုသမှုအတွက် ကိုယ်တိုင်မတတ်နိုင်တော့ ကျွန်မ ဝမ်းနည်းရတယ်။ တချိန်ထဲမှာဘဲ ကျွန်မကိုပြန်လည်ကျန်းမာလာဖို့အတွက် တစ်ယောက်ယောက်ကကူညီပေးခဲ့လို့လဲ ကျွန်မဝမ်းသာတယ်။ ကျွန်မ လုံးလုံးသက်သာသွားပြီးဆိုရင် ကျွန်မအလုပ်တွေပြန်လုပ်မယ် ပြီးတော့ ပိုက်ဆံလည်းစုမယ်။ ကျွန်မအနေနဲ့ ကူညီပေးတဲ့အဖွဲ့ (BCMF နဲ့ လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့) ကိုဘာမှပြန်မပေးနိုင်ပေမယ့် ကျွန်မတို့မိသားစုအနေနဲ့ တခြားလိုအပ်တဲ့သူတွေကိုအကောင်းဆုံး အတတ်နိုင်ဆုံးကူညီသွားမယ်။ ကျွန်မတို့ရရှိခဲ့တဲ့အကူအညီအတွက် အမြဲတမ်းကျေးဇူးတင်နေမှာပါ။”