ပြည့်နှင့်တွေ့ဆုံကြပါစို့။
အသက် ၁၄ နှစ်အရွယ် ပြည့်သည် နဝမတန်းကျောင်းသူဖြစ်သည်။ သူမသည် မိဘ၊ မောင်နှမ ၆ ယောက်နှင့် ပဲခူးတိုင်းတွင်နေထိုင်နေသူဖြစ်သည်။ သူမ၏အဖေသည် အိမ်သုံးအတွက်အထောက်အပံ့ဖြစ်သော်လည်း မပိုလျှံသော စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ဆောင်ပြီး သီးနှံရိတ်သိမ်းရာသီအပြီးတိုင်းတွင် စက်ပြင်ဆရာအဖြစ်အလုပ်လုပ်ကိုင်သည်။ သူမ၏ အစ်ကို အစ်မ ၄ ဦးတို့သည် ဖခင်နှင့်အတူ လယ်ထဲတွင် အလုပ်ကူလုပ်ကြသည်။ သူမ၏ အစ်ကို ၂ ဦးသည်လည်း ဖခင် စက်ပြင်အလုပ်လုပ်သည့်အခါတွင် ဝိုင်းကူလုပ်လေ့ရှိသည်။ ပြည့်၏မိခင်မှာ အိမ်တွင်းအလုပ်များကိုလုပ်ဆောင်ပြီး ပြည့်နှင့် သူမ၏ မောင်ငယ် ညီမငယ် ၂ ဦးကို ထိန်းရသေးသည်။ ပြည့်၏ အစ်မ ၂ ယောက်သည် လယ်ထဲအလုပ်မလုပ်ချိန်တွင် မိခင်အား အိမ်အလုပ်များဝိုင်းကူလုပ်ပေးပါသည်။ ပြည့်၏ဖခင်၏လုပ်အားခနှင့် ရိတ်သိမ်းလို့ရသောဆန်စပါးများသည် မိသားစုအတွက် လုံလောက်ရုံသာရှိပြီး အခြေခံကျန်းမာရေးအတွက်ကုန်ကျစရိတ်ကိုသာတတ်နိုင်သည်။ ၂၀၁၉ ခုနှစ် သြဂုတ်လ ၏ ညနေခင်းတစ်ခုတွင် ပြည့်အဖျားတက်နေခဲ့သည်။ သူအလွန်မောနေခဲ့ပြီး အသက်ရှုရာတွင် အခက်အခဲရှိခဲ့သည်။ သူမဖျားနေခြင်းမှာ ၁ လလောက်ကြာခဲ့ပြီးနောက် ပြည့်၏မိဘများသည် ပြည့်အား မြို့ရှိဆေးခန်းသို့မခေါ်သွားမှီ ရွာထဲရှိ ကျန်းမာ
ရေးလုပ်သားတစ်ဦးထံသို့ အရင်သွားရောက်ပြသခဲ့သည်။ ပြည့်အား ပဲခူးမြို့ရှိအထူးဆေးရုံသို့ခေါ်သွားရန် အကြံပြုခဲ့သောကြောင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းတွင် ပြည့်အား ပဲခူးမြို့ရှိအထူးဆေးရုံတစ်ခုသို့သွားရောက်ပြသခဲ့သည်။ ပြည့်သည် ထိုအထူးဆေးရုံတွင် ၂ ကြိမ်မျှဆေးရုံတက်ခဲ့ရပြီး သွေးသွင်းခြင်းများ ဆေးထိုးခြင်းများလည်းပြုလုပ်ခဲ့ရသည်။ ထိုဆေးကုသမှုများအတွက် ပြည့်မိဘများ ကျပ်ငွေ ၁၁ သိန်းခန့်ကုန်ကျခဲ့သည်။ ဒုတိယအကြိမ်ဆေးရုံမှဆင်းပြီး နောက် ၃ ရက်အကြာတွင် ပြည့် အဖျားပြန်တက်လာပြန်သည်။ ယခင်ပြခဲ့သော အထူးဆေးရုံသို့ပြန်သွားခဲ့ပြီး ထိုဆေးရုံမှဆရာဝန်သည် ပြည့်အား အခြားစစ်ဆေးမှုများနှင့် ဆေးကုသမှုအတွက် ပင်လုံဆေးရုံသို့သွားပြရန် ညွှန်းပို့ပေးခဲ့သည်။ ပင်လုံဆေးရုံသို့သွားရောက်ပြသပြီးမှသာ ပြည့်၏ ရောဂါအကြောင်းအရင်းကိုသိရှိခဲ့ပြီး ပြည့်၏ နှလုံးအဆို့ရှင်တစ်ခုဖြစ်သည့် mitral အဆို့ရှင်တွင် ချို့ယွင်းချက်ရှိနေကြောင်း ခွဲစိတ်ကုသရန်လိုအပ်ကြောင်းကိုသိရှိခဲ့ရသည်။ ခွဲစိတ်ကုသမှုစရိတ်မှာ သိန်း ၁၀၀ ခန့်ဖြစ်နိုင်ကြောင်းကို ဆရာဝန်မှရှင်းပြခဲ့သည်။ ပြည့်၏မိဘများသည် ထိုကုန်ကျစရိတ်ကို မတတ်နိုင်ကြောင်းဆရာဝန်အားပြန်ပြောခဲ့သည်။ ဆရာဝန်မှ ကူညီပေးနိုင်မည့် အဖွဲ့အစည်းရှိကြောင်း ထိုအဖွဲ့အစည်းသို့အကူအညီတောင်းပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဝန်ထမ်းတစ်ဦးအား မိမိတို့၏မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့သို့ လူနာလွှဲပြောင်းပေးရန်ပြောဆိုခဲ့သည်။
ပြည့်သည် လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့၏အကူအညီဖြင့် ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်တွင် ပင်လုံဆေးရုံတွင်တက်ရောက်ခဲ့ပြီး ၃ ရက်အကြာတွင် နှလုံးအဆို့ရှင်အစားထိုးခွဲစိတ်ကုသမှုကိုခံယူခဲ့သည်။ ခွဲစိတ်ကုသမှုမခံယူမှီအချိန်တွင် ပြည့်နှင့်သူမ၏မိဘများအား ခွဲစိတ်ကုသမှုဆိုင်ရာနည်းလမ်းများကို ရှင်းပြပေးခဲ့သလို ခွဲစိတ်မှုအပြီးတွင်လည်း ဆရာ ဆရာမများမှ ဂရုတစိုက်ပြုစုပေးခဲ့သည်။ ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့တွင် ပြည့် ဆေးရုံမှဆင်းခွင့်ရခဲ့သည်။
ခွဲစိတ်ကုသမှုကိုမခံယူရသေးခင်က ပြည့် မကြာခဏဆိုလို မောပန်းနေခဲ့သည်။ သူမ လမ်းဝေးဝေးမလျှောက်နိုင်ခဲ့ဘဲ လှေခါးထစ်များတက်လျှင်အလွန်မောပန်းနေခဲ့သည်။ သူမ စာဖတ်သည့်အခါတွင်လည်း ဖတ်ထားသည့်စာများကို မေ့လျော့နေခဲ့တတ်သည်။ သို့သော် ခွဲစိတ်ကုသမှုကိုခံယူပြီးနောက်ပိုင်းတွင် မောပန်းမှုမရှိဘဲ လှေခါးထစ်များကိုတက်နိုင်ခဲ့ပြီဖြစ်ပြီး လမ်းဝေးဝေးလျှောက်လျှင်လည်း မမောတော့ပါ။ ခွဲစိတ်ထားသည့်နေရာတစ်ဝှိက်တွင် အနည်းငယ်နာကျင်နေသေးသော်လည်း မကြာခင်တွင် အနာများပျောက်ကင်းသွားမည်ဟု သူမမျှော်လင့်ပါသည်။ ပြည့်၏မိခင်ပြောခဲ့သည်မှာ - “ဆေးကုသမှုက ကျွန်မသမီးရဲ့ဘဝကိုပြောင်းလဲပေးခဲ့တယ်။ သူက ခဏခဏမောတယ်၊ ဖတ်ထားခဲ့တဲ့စာတွေလဲ အမေ့သန်တယ်ဆိုတော့ သူကျောင်းထွက်ရတော့မယ်လို့ ကျွန်မထင်ခဲ့တယ်။ အခုတော့ သူကျောင်းထွက်ဖို့မလိုတော့ဘူး။ ရှေ့ဆက်ရမယ့်အချိန်တွေမှာ သူ စာ ကောင်းကောင်းလုပ်နိုင်မယ်လို့ ကျွန်မမျှော်လင့်တယ်။” ဟူ၍ဖြစ်သည်။
ပြည့်သည် တစ်နေ့တွင် သူနာပြုတစ်ဦးဖြစ်ရန် မျှော်မှန်းထားသည်။ “ကျွန်မရဲ့ အတွေ့အကြုံတွေနဲ့ လူနာဖြစ်ရတာ ဘယ်လောက်ခက်လဲဆိုတာသိတော့ ကျွန်မ သူနာပြုတစ်ယောက်ဖြစ်ချင်တယ်။ လူနာတွေရဲ့ ခံစားမှုတွေကို ကျွန်မ မျှဝေခံစားပေးမယ်။ သူတို့ကိုလည်း သေချာဂရုစိုက်ပြုစုပေးချင်တယ်” ဟု သူမပြောဆိုခဲ့သည်။