top of page

ညိုညိုနှင့်တွေ့ဆုံကြပါစို့။

Nyo Nyo Aung.JPG

အသက် ၁၆ နှစ်အရွယ် ညိုညိုသည် သူမ၏မိဘများနှင့် ထိုင်းနိုင်ငံနယ်စပ်နှင့်နီးသော ကရင်ပြည်နယ်တွင် နေထိုင်ပါသည်။ သူမ၏မိဘများမှာ လယ်သမားများဖြစ်ပြီး သူမ၏ အစ်မနှစ်ယောက်မှ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်အလုပ်လုပ်ကိုင်လျှက် သူမ၏ ကျောင်းစရိတ်များအတွက်ထောက်ပံ့ပေးပါသည်။ ညိုညိုသည် ကျောင်းတက်ရသည်ကိုနှစ်သက်သော်လည်း သူမ၏နှလုံးရောဂါအခြေအနေကြောင့် အထက်ကျောင်း၏နောက်ဆုံးနှစ်ကို မတက်ရောက်နိုင်ခဲ့ပါ။

သူမ ၈ နှစ်ခန့်အရွယ်တွင် ညို တွင် ရင်ဘတ်နာကျင်မှုနှင့် အသက်ရှူရခက်ခဲမှုများ ဖြစ်ပေါ်လာသည်။ သူမ၏မိဘများသည် သူမအား ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အခမဲ့ဆေးခန်းဖြစ်သည့် မယ်တော်ဆေးခန်းသို့ခေါ်ဆောင်သွားခဲ့ပြီး သူမတွင် နှလုံးရောဂါရှိနေကြောင်းကို သိရှိခဲ့ရသည်။ ခွဲစိတ်ကုသရန်လိုအပ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်တွင်သွားရောက်ဆေးကုသရမည်ဟု ဆရာမများမှရှင်းပြခဲ့သည်။ သူမ၏မိဘသည် နှလုံးခွဲစိတ်ကုသမှုအတွက် စိုးရိမ်မှုများရှိခဲ့ပြီး ခွဲစိတ်ကုသမှုသည် သူမအား သေစေနိုင်သည်ဟု ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် ညိုအား ရန်ကုန်မြို့ရှိဆေးရုံတစ်ခုသို့ခေါ်ဆောင်သွားခဲ့သည်။ ဆေးရုံတွင်ပြသပြီးနောက် ဆရာဝန်က ရှေ့ဆက် နှလုံးပြသနာမဖြစ်စေရန် ဆေးသောက်ရန်လိုကြောင်းပြောခဲ့သည်။ ညို၏မိသားစုမှာ ပိုင်ဆိုင်မှုများအား အပေါင်ထားပြီး ညိုအားဆေးကုပေးခဲ့သည်။

၂ နှစ်အတွင်း ညို ဆေးကိုပုံမှန်သောက်ခဲ့သည်။ သူ၏ရောဂါလက္ခဏာများ သက်သာလာသောကြောင့် ဆရာဝန်တစ်ဦးက ညို၏အခြေအနေမှာ တော်တော်ကြီးကောင်းလာပြီဖြစ်ကြောင်းပြောခဲ့သည်။ ညို၏မိသားစုများသည် ညိုရောဂါပျောက်ပြီဟု ယုံကြည်ခဲ့ကြပြီး သူမအတွက် သောက်ဆေးများ မဝယ်ပေးတော့ချေ။

၂၀၁၇ ခုနှစ်တွင် ညို၏ရောဂါလက္ခဏာများပြန်ပေါ်လာခဲ့သည်။ သူမသည် အရင်ကအတိုင်း ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းများကိုခံစားခဲ့ရပြန်ပြီး သူမ၏ နှုတ်ခမ်းမှာလည်း အရောင်ပြောင်းလာခဲ့သည်။ သူ၏ရောဂါလက္ခဏာများကြောင့် ကျောင်းနောက်ကျခြင်းများ ကျောင်းပျက်ခြင်းများကြုံခဲ့ရသည်။ ညိုသည် ပညာရေးကို တန်ဖိုးထားသောကြောင့် ထိုအရာများသည် သူ့အား စိတ်သောကရောက်စေခဲ့သည်။ ညို၏မိဘများသည် ညိုအား မယ်တော်ဆေးခန်းသို့ ပြန်လည်ခေါ်ဆောင်သွားသည်။ မယ်တော်ဆေးခန်းမှ ဆေးဆရာမတစ်ဦးက ညိုအား Burma Children Medical Fund (BCMF) သို့ လူနာလွှဲပြောင်းညွှန်းပို့ပေးခဲ့ပြီး BCMF မှ ညိုအား ၄င်းတို့၏ ညီအစ်မအဖွဲ့အစည်းဖြစ်သည့် လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့သို့ လူနာလွှဲပြောင်းပေးခဲ့သည်။ လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့သည် ညိုအား နှလုံးခွဲစိတ်ကုသမှုခံယူရန် ပင်လုံဆေးရုံသို့သွားရန် ပြောကြားခဲ့သည်။ ညိုသည် ၂၀၁၈ ခုနှစ် မတ်လ အတွင်း အတန်းတင်စာမေးပွဲအပြီးတွင် ပင်လုံဆေးရုံသို့သွားရောက်ပြသခဲ့သည်။ များမကြာမှီတွင် ဆေးရုံတက်ခဲ့ရပြီး ၂၀၁၈ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် နှလုံးခွဲစိတ်ကုသမှုကိုခံယူခဲ့သည်။ ဆေးရုံတွင်ရက်အနည်းငယ်နေခဲ့ရပြီး ခွဲစိတ်ပြီးချိန် ၁ ပတ်တွင် ဆေးရုံမှဆင်းခဲ့သည်။

ခွဲစိတ်ကုသမှုခံယူခဲ့သည်မှာ မကြာသေးသော်လည်း အလွန်သက်သာလာပြီဟု ညိုခံစားရသည်။ သူမ၏မောပန်းနွမ်းနယ်ခြင်းနှင့်အသက်ရှူမဝခြင်းများ လုံးဝပြေပျောက်သွားသည်။ ယခင်က လှေကားထစ်များတက်ချိန်တွင် ရုန်းကန်ခဲ့ရသော်လည်း ယခုအချိန်တွင် အလွယ်တကူ တက်လှမ်းနိုင်ပြီဖြစ်သည်။ စိတ်အလှုပ်ရှားဆုံးသော ပြောင်းလဲမှုမှာ ကျောင်းပြန်တက်နိုင်ရန် ညိုမျှော်လင့်နိုင်ပြီဖြစ်သည်။ ၂၀၁၈ ခုနှစ် ဇွန်လတွင် သူမ ဒသမတန်းကိုတက်ရောက်မည်ဖြစ်သည်။ သူမပြောဆိုခဲ့သည်မှာ - “အရင်က ကျွန်မ မောလွန်းလို့ စာမလုပ်နိုင်ခဲ့ဘူး။ ကျွန်မ ကျောင်းကို ကျောပိုအိတ်တောင် မလွယ်သွားနိုင်ဘူး။ ကျွန်မ အဆောင်မှာနေခဲ့ပေမယ့် ၂၀၁၇ ခုနှစ် ဇွန်လမှာ ဆေးခန်းသွားရပြီးတဲ့နောက်ပိုင်းမှာ အဆောင်မှူးက ကျွန်မကို အဆောင်မှာ လက်မခံတော့ဘူး။ အခုတော့ကျွန်မ ကျောင်းဆက်တက်လို့ရပြီ။” ဟူ၍ဖြစ်သည်။

သူမ၏ဆေးကုသမှုအတွက် အထောက်အပံ့မရှိခဲ့လျှင် ညိုတို့မိသားစု အနေဖြင့် ဆေးကုသမှုစရိတ်အတွက် ရုန်းကန်ရမည်ဖြစ်ပြီး သူမအနေဖြင့် ရောဂါလက္ခဏာများနှင့်သာ ဆက်လက်နေထိုင်နေရနိုင်သည်။ ထို့ကြောင့် ရရှိခဲ့သည့် ထောက်ပံ့မှုအကူအညီများအတွက် သူတို့ကျေးဇူးတင်လျှက်ရှိနေသည်။

bottom of page