မေနှင့်တွေ့ဆုံကြပါစို့။
မေသည် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဧရာဝတီတိုင်းတွင် သူမ၏မိခင်၊ မောင်နှမ ၄ ဦး နှင့်အတူနေထိုင်လျှက်ရှိသည်။ သူမ၏မိခင်သည် စျေးထဲတွင် ဟင်းသီးဟင်းရွက်များကို ရောင်းခြင်းအလုပ်ကိုလုပ်ကိုင်ပါသည်။ မေ နှင့် သူမ၏ မောင်ငယ် ညီမငယ် ၂ ဦးတို့သည် ကျောင်းနေလျှက်ရှိသည်။ သူမ၏ အစ်ကိုသည် စိုက်ပျိုးရေးအလုပ်တွင် နေ့စားအဖြစ်လုပ်ကိုင်ပြီး သူမ၏အစ်မသည် စာအုပ်ရောင်းဆိုင်တွင် အလုပ်လုပ်ကိုင်လျှက်ရှိသည်။ မေ၏မိသားစု၏ လစဥ်ဝင်ငွေသည် နေ့စဥ်ကုန်ကျစရိတ်များအတွက်သာ လုံလောက်ပါသည်။
မေကို နေအိမ်မှာပင် မွေးဖွားခဲ့ပြီး မွေးစဥ်ကပင် မေ၏ ဘယ်ဘက်ခြေချောင်းလေးများသည် ပူးတွဲလျှက်ရှိနေပြီး မေ၏ဘယ်ဘက်ခြေထောက်အရှေ့ပိုင်းမှာလည်း အတွင်းသို့ခွင်နေသည်။ မေသည် ၂ နှစ်အရွယ်ရောက်သောအခါ စတင်လမ်းလျှောက်ခဲ့သော်လည်း သူမ၏မိခင်မှာ သူမလမ်းလျှောက်တိုင်း အမြဲကိုင်ထားခဲ့ရသည်။ တစ်နှစ်ကြာပြီးသည့်နောက်တွင် သူမ၏ ခြေထောက်သည် ဖူးရောင်လာကာ နီရဲနေပြီး နာကျင်မှုများကိုလည်း သူမခံစားခဲ့ရသည်။ သူမ လမ်းလျှောက်တိုင်း ခြေထောက်နာကျင်ခဲ့သည်။ သူမ၏မိခင်သည် သူမအား ဟင်္သာတမြို့ရှိ ချို့တဲ့သူများကို ကူညီသောအသင်းအဖွဲ့တစ်ခုသို့
ခေါ်ဆောင်သွားခဲ့သည်။ ထိုအသင်းအဖွဲ့မာ ဆရာဝန်တစ်ဦးသည် မေအား အခြားလိုအပ်သောစစ်ဆေးမှုများရန်နှင့် ခွဲစိတ်ကုသမှုရယူရန် ဟင်္သာတပြည်သူ့ဆေးရုံသို့ ညွှန်းပို့ခဲ့သည်။ ထိုအသင်းအဖွဲ့၏အကူအညီဖြင့် မေသည် သူမ၏ ခြေထောက်တွင်သွေးလည်ပတ်မှုကောင်းမွန်လာရန်အတွက် ပထမအကြိမ်ခွဲစိတ်ကုသခွင့်ရခဲ့သည်။ မေ့အနေဖြင့်ပုံမှန်အတိုင်းလမ်းလျှောက်နိုင်ရန် နောက်ထပ်တစ်ကြိမ်ခွဲစိတ်မှုကိုလိုအပ်သည်ဖြစ်ကြောင်းကို ဆရာဝန်များက မေ့မိခင်အား ရှင်းပြခဲ့သည်။ များမကြာမှီတွင် မေ၏ဖခင်သည် အပြင်းဖျားနေခဲ့သောကြောင့် မေ၏ ဒုတိယအကြိမ်ခွဲစိတ်ကုသမှုအတွက် မိသားစုများမှမတတ်နိုင်တော့ပေ။ သူမ၏ ရက်ချိန်းအတွက်ကိုပင် ဆေးရုံသို့ပြန်မသွားတော့ချေ။ ခွဲစိတ်မှုကိုခံယူခဲ့ပြီး ၁ လ လောက်အကြာတွင် မေ၏ ခြေထောက်ပြန်လည်ဖူးရောင်လာပြီး နာကျင်မှုလည်းပြန်ရှိလာသည်။ မေ့မိခင်သည် မေအား ဆေးရုံဆေးခန်းသို့ပြန်သွားပြမည့်အစား ပရုတ်ဆီကို ဝယ်ကာ လူးပေးခဲ့သည်။ နာကျင်မှုသက်သာစေရန်လည်း အကိုက်အခဲပျောက်ဆေးများကိုဝယ်တိုက်ခဲ့သည်။ မေ အသက် ၇ နှစ်အရွယ်ရောက်ရှိလာချိန်တွင် မေ ကျောင်းစတက်ခဲ့သည်။ ကျောင်းသို့ လမ်းလျှောက်သွားနိုင်ခြင်းမရှိသောကြောင့် မေ၏မိခင်ကသာ မေ့အား ကျောတွင်ပိုးကာ ကျောင်းပို့ ကျောင်းကြို လုပ်ပေးခဲ့သည်။
တစ်နေ့တွင် ပရဟိတဆေးခန်းတစ်ခုမှ ဝန်ထမ်းတစ်ဦးသည် မေ့မိခင်အား လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့အစည်းအကြောင်းကို ပြောပြခဲ့သည်။ ထိုအဖွဲ့သည် သူတို့၏ဆေးခန်းသို့ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် လာရောက်၍ မသန်စွမ်းသူများအတွက် လက်တွန်းလှည်းများပေးသွားမည်ဖြစ်ကြောင်းလည်းပြောပြခဲ့သည်။ မေ့အတွက်လည်း လက်တွန်းလှည်းရယူနိုင်ရန် လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့သို့ စာရင်းတင်ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထိုကြောင့် ထိုဆေးခန်းသို့ လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့ သွားရောက်၍လက်လှည့်လှည်းများတပ်ဆပ်ခြင်းအစီအစဥ်ကိုပြုလုပ်ချိန်တွင် မေ၏မိခင်သည် မေနှင့်အတူ ဆေးခန်းသို့သွားရောက်ခဲ့ပြီး မေအတွက် လက်ဖြင့်လှည့်၍သွားရသော လှည်းတစ်စီးကို ရရှိခဲ့သည်။ လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦးသည် မေ့အားကြည့်ရှုစစ်ဆေးပြီးနောက် မှတ်ချက်ချခဲ့သည်မှာ မေသည် amniotic band syndrome ဟုခေါ်သော ရေမြွှာချို့ယွင်းခြင်းကြောင့်ဖြစ်သော မွေးရာပါ အခြေအနေတစ်ခုဖြင့်မွေးဖွားလာပြီး ခြေချောင်းလေးများသည် ပူးတွဲနေလျှက် ဘယ်ဘက်ခြေထောက်အရှေ့ပိုင်းမှာလည်း အတွင်းသို့ခွင်နေသည်။ မေသည် ခွဲစိတ်ကုသမှုခံယူလိုက်လျှင် လမ်းပြန်လျှောက်လာနိုင်မည်ဖြစ်ကြောင်းကိုရှင်းပြပြီး လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့၏အကူအညီဖြင့် ခွဲစိတ်ကုသမှုကိုခံယူချင်ပါသလား ဟူ၍မေးခဲ့သည်။ မေနှင့်မေ့မိခင် ၂ ဦးစလုံး ခွဲစိတ်မှုခံယူရန်သဘောတူပြီးနောက်တွင် လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့သည် မေ့အား ဆေးကုသမှုရယူရန် မော်လမြိုင် ခရစ်ယာန် အထူးအရေပြားဆေးရုံသို့ လွှဲပြောင်းညွှန်းပို့ ပေးခဲ့သည်။
မော်လမြိုင် ခရစ်ယာန် အထူးအရေပြားဆေးရုံသို့ရောက်ရှိပြီးနောက် ဆရာဝန်မှ မေ၏ အခြေအနေအား amniotic band syndrome ဟုခေါ်သော ရေမြွှာချို့ယွင်းခြင်းကြောင့်ဖြစ်သော မွေးရာပါ အခြေအနေဖြင့်မွေးဖွားခဲ့ကြောင်းနှင့် မေ၏ဘယ်ဘက်ခြေထောက်အရှေ့ပိုင်းမှာလည်း အတွင်းသို့ခွင်နေသည်ကို အတည်ပြုခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် မေ၏ဘယ်ဘက်ခြေထောက်ကိုပြန်လည်တည့်မှတ်ပေးရန် ခွဲစိတ်ကုသမှုတစ်ခုပြုလုပ်ခဲ့သည်။ ခွဲစိတ်မှုအပြီးတွင် သင့်တင့်လျောက်ပတ်စွာပြန်လည်ကောင်းမွန်လာရန် ခြေထောက်အား ကျောက်ပတ်တီးစည်းပေးခဲ့သည်။
ဆေးရုံတွင် ရှိသည့်အချိန်တွင် မေတစ်ယောက် ကြောက်သည်ဟု မခံစားရခဲ့ပါ။ ခွဲစိတ်ကုသမှုကိုခံရပြီးချိန်မှစ၍ သူမနေရသက်သာလာသည်။ ယခင်က သူမလမ်းကြာကြာလျှောက်လျှင် ဘယ်ဘက်ခြေထောက်မှာ နာကျင်လာတတ်သည်။ သူမပြောခဲ့သည်မှာ - “သမီးအတွက် အခု လမ်းလျှောက်ဖို့လွယ်သွားပြီ။ သမီးရဲ့သူငယ်ချင်းတွေနဲ့လည်း ကစားလို့ရပြီး။ အရင်က သမီးရဲ့ မိသားစုဝင်ထဲက တစ်ယောက်ယောက်က သမီးကို ချီပြီးကျောင်းပို့ပေးခဲ့ကြရတယ်။ အခုတော့ သမီးလမ်းလျှောက်နိုင်တော့မှာဖြစ်တဲ့အတွက် သူတို့တွေပျော်နေကြတယ်။ သမီးလည်းအရမ်းပျော်တယ်။” ဟူ၍ဖြစ်သည်။ မေသည် သူမအား ခွဲစိတ်ကုသပေးခဲ့သော ဆရာဝန်နည်းတူ တစ်နေ့တွင် ဆရာဝန်တစ်ယောက်ဖြစ်လာရန် ဆန္ဒရှိသည်။